
ရန်ကုန်ညီအစ်ကိုများအသင်းတော်
၉-၈-၂၀၀၉ နေ့ ဒေသနာဝေငှချက် (ဦးတင်မောင်ထွန်း)
နိဒါန်း။ အချို့သောသူများက ကျမ်းစာကိုကြည့်ပြီး
တွေ့ရသည့်အဖြစ်အပျက်များကို ဆင်ခြင်၍ စနစ်လုပ်ကြသည်။
ကျမ်းစာပါသည့်အတိုင်း ပုံတူကူး၍ လုပ်ဆောင်တတ်ကြသည်။ သမ္မာကျမ်းစာမှ
မျက်မမြင်များအပေါ်၌ သခင်ယေရှုပြုသောအမှုများအတိုင်း
မျက်စေ့ကိုရွံ့လူး၌ဖြစ်စေ၊ တံတွေး ထွေး၍ဖြစ်စေ
ပြုပြီးမှဆုတောင်းပေးကြသည်။ မပျောက်ပါက ကာယကံရှင်က
မယုံကြည်၍ဟုဆိုတတ်ကြသည်။ ကျွန်ုပ်တို့က ကျမ်းစာပါအဖြစ်အပျက်များ ကို
ကြည့်ရှုပြီးမှ ထိုအတိုင်းလိုက်၍ ပုံတူလုပ်ကြပြီး သခင်ယေရှုပြုသကဲ့သို့
ဖြစ်ရမည်ဟု ယုံကြည်ကြဖို့မဟုတ်ပါ။ ကိုယ်တော်ထားသည့် ဂတိတော်ဖြစ်သည့်
ငါသည် ကပ်ကမ္ဘာကုန်သည်တိုင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိမည်ဟူသော
ဂတိတော်ကိုသာ ယုံကြည်ကြဖို့ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်ကို
မည်သို့ယုံကြည်သည်။ မည်မျှယုံကြည်ခြင်းရှိသည်ကို
ကိုယ်တော်ကသိတော်မူပါသည်။ ယနေ့သမ္မာကျမ်းစာပါ
မျက်မမြင်သုံးဦး၏အကြောင်းကို အတူတကွ ဆင်ခြင်၍ ခွန်အားယူလိုပါသည်
္ဘယုံကြည်နိုင်ဖို့ရန် ပြုသော သက်သေ။ “ဗက်ဇဲဒမြို့သို့
ရောက်တော်မူလျှင်၊ လူကန်းတစ်ယောက်ကို အထံတော်သို့ ဆောင်ခဲ့၍
ထိုသူတို့ကို တို့တော်မူမည်အကြောင်း တောင်းပန်ကြ၏” (မာ ၈း၂၂)။
သမ္မာကျမ်းစာဖော်ပြချက်ကို ဆင်ခြင်ပါသော မျက်စေ့မမြင်သောသူသည်
သူ၏ယုံကြည်ခြင်းဖြင့် ကိုယ်တော်ထံလာသည်မဟုတ်။ ယုံဖို့ရန်လည်း
ကိုယ်တော်မည်သူဖြစ်သည်ကို သူမသိပါ။ ထိုမျက်မမြင် ကိုယ်တော်ထံသို့
ရောက်လာခြင်းမှာ ကိုယ်တော်ပြုသော အံ့သြဘွယ်အမှုများကို
မြင်တွေ့ဘူးသောသူများက ခေါ်လာ၍ရောက်လာခြင်းဖြစ်သည်။ ထိုသူများက
မျက်မမြင်သည် ကိုယ်တော်ထံ ရောက်လာလျှင် မျက်စေ့ပြန်၍မြင်မည်ဟု ယုံကြည်၍
ကိုယ်တော်ထံခေါ်လာပြီး တို့တော်မူပါမည်အကြောင်း တောင်းပန်ကြပါသည်။ ဤတွင်
မယုံကြည်သေးသောသူ အကျိုးဖို့ဖြစ်ရန် ယုံကြည်သောသူများပြုနိုင်သော
မင်္ဂလာကိုတွေ့ရသည်။ “ကိုယ်တော်သည် လူကန်းကို လက်ဆွဲ၍
မြို့ပြင်သို့ထွက်ပြီးမှ သူ၏မျက်စေ့ကို တံတွေးနှင့်ထွေး၍ သူ့အပေါ်မှာ
လက်တော်ကိုတင်လျှက်၊ သင်သည် တစ်စုံတစ်ခုကို မြင်သလောဟု” မေးတော်မူ၏
(မာ၊ ၈း၂၃)။ ကိုယ်တော်တတ်နိုင်ကြောင်း ယုံကြည်သောသူများက
ခေါ်ဆောင်လာသည့် မျက်မမြင်အား ကိုယ်တော်က လက်ကိုဆွဲ၍ မြို့ပြင်သို့
ခေါ်ဆောင်သွားပါသည်။ မျက်မမြင်သည် ကိုယ်တော်ကို မတွေ့မမြင်သော်လည်း
မိမိအား ပုဂ္ဂိုလ်တော်တစ်ဦးက လက်ဆွဲ၍ ခေါ်သွားသည်ကို ခံစားပါသည်။
မြို့ပြင်သို့ရောက်သောအခါ ကိုယ်တော်သည် မျက်မမြင်၏မျက်စေ့ကို
တံတွေးနှင့်ထွေး၍ သူ့အပေါ်မှာ လက်တော်ကို တင်လျှက် သင်သည်
တစ်စုံတစ်ခုကိုမြင်သလောဟု မေးတော်မူပါသည်။ ထိုအခါ မျက်မမြင်သည်
လှမ်းမျှော်ကြည့်လျှင် လူတို့သည် သစ်ပင်ကဲ့သို့ လမ်းသွားသည်ကို
မြင်ပါသည်ဟု ပြန်၍လျှောက်ပါသည်။ မျက်ကန်းသည် ဦးစွာသူ့အား ကိုယ်တော်က
လက်ဆွဲ၍ခေါ်သွားသည်ကို ခံစားရသည်။ ပြီးမှ သူ့မျက်စေ့အပေါ်၌
တံတွေးနှင့်ထွေးပြီး သူ့အပေါ်၌ လက်တော်တင်သည်ကို ခံစားရပါသည်။
ပြီးမှကိုယ်တော်က တစ်စုံတစ်ခုကို မြင်တော်မူသလောဟု မေးသောစကားသံကို
ကြားရပါသည်။ သူသည် ကြည့်မျှော်လျှင် အမြင်အာရုံက
ကြည်လင်ခြင်းမရှိသေးပါ။ သစ်ပင်နှင့်လူကို ကွဲပြားရှင်းလင်းစွာ
မတွေ့ရသေး။ သူ၏အမြင်က ၀ိုးတ၀ါးမြင်ခြင်းဖြစ်သည်။ “နောက်တဖန်
သူ၏မျက်စေ့အပေါ်မှာ လက်ကိုတင်၍ ကြည့်မျှော်စေလျှင် သူသည် ပကတိအဖြစ်သို့
ရောက်၍ အလုံးစုံတို့ကို ရှင်းလင်းစွာ မြင်လေ၏။” (မာ၊ ၈း၂၅)။
သခင်ခရစ်တော်သည် လူကန်းအား မျက်စေ့မြင်ဘို့ရန် နှစ်ဆင့်ပြုပါသည်။
ပထမအဆင့်၌ သူသည် ၀ိုးတ၀ါးမြင်လာခြင်းဖြစ်သည်။ လူကန်းကိုယ်တော်ထံ
ရောက်လာခြင်းသည် သူ၏ယုံကြည်ခြင်းကြောင့် မဟုတ်ပါ။ ထို့ကြောင့် သူသည်
ကိုယ်တော်ကို ယုံကြည်ဖို့ရန် သက်သေရရန် ပထမအဆင့် ကျေးဇူးပြုပါသည်။
ဝိုးတ၀ါးမြင်လာသည့်အခါ ကိုယ်တော်၏ တတ်နိုင်ကြောင်းကို သက်သေရပြီး
ဒုတိယအကြိမ်၌ ကိုယ်တိုင်ယုံကြည်ခြင်းဖြင့် မျှော်ကြည့်သည့်အခါ
ပကတိအဖြစ်သို့ရောက်ပြီး ရှင်းလင်းစွာ မြင်တွေ့ သွားပါသည်။ ကိုယ်တော်သည်
လူကန်းမျက်စေ့မြင်ဘို့ရန် ကျေးဇူးပြုရာ၌ စိတ်ရှည်ပါသည်။
ဘုရားသခင်၏ဘုန်းတော် ထင်ရှားစေဘို့။ (ယော ၉) တွင်
ဒုတိယလူကန်းတစ်ဦးကို တွေ့ရသည်။ သူသည် အမိဝမ်းတွင်းကပင် မျက်စေ့
ကန်းသောသူဖြစ်သည်။ သူ့အား မည်သူကမျှကိုယ်တော်ထံသို့ ခေါ်မလာပါ။
သူ့အနီးအပါး၌ ရှိသောသူတို့က ထိုမျက်ကန်းအပေါ်၌ တရားပေတံနှင့် တိုင်း၍
အမျိုးမျိုးဝေဖန်နေကြပါသည်။ ထိုအချိန်၌ တပည့်တော်တို့က ကိုယ်တော်အား
ထိုသူသည် အဘယ်သူ၏အပြစ်ကြောင့် မျက်စေ့ကန်းသနည်း။ သူ၏အပြစ်ကြောင့်လော
သို့တည်းမဟုတ် မိဘအပြစ်ကြောင့်လောဟု မေးလျှောက်ကြပါသည်။ ထိုအခါ
သခင်ယေရှုက ဘုရားသခင်၏ အမှုတော်ကို သူ၌ ထင်ရှားစေမည်အကြောင်းဖြစ်သည်ဟု
ပြန်၍ မိန့်တော်မူပါသည်။ “ယေရှုကလည်း ကိုယ်အပြစ်ကြောင့်မဟုတ်။
မိဘအပြစ်ကြောင့်လည်းမဟုတ်။ ဘုရားသခင်၏အမှုတော်ကို သူ၌
ထင်ရှားစေမည်အကြောင်းတည်း” (ယော၊ ၉း၃)။ မည်သည့်အခြေအနေ၌မဆို ခံယူတတ်ပါက
အကျိုးဖြစ်စရာ ရှိပါသည်။ ထိုလူကန်းအား ကိုယ်တော်သည် မြေပေါ်၌
တံတွေးထွေး၍ ရွံ့လုပ်ပြီးမှ သူ၏မျက်စေ့ကို ရွံ့နှင့်လူး၍
ရှိလောင်ရေကန်၌ မျက်စေ့ကို ဆေးလော့ဟု မိန့်တော်မူပါသည်။ ထိုသူသည်
အမိန့်တော်အတိုင်း နာခံ၍သွားဆေးပြီးမှ မျက်စေ့မြင်လျှက် ပြန်လာပါသည်။
ထိုလူကန်းသည် မျက်စေ့ မြင်ပြီး ပြန်လာမှ သူ့ပတ်ဝန်းကျင်ရှိလူများနှင့်
ပြသနာဖြစ်ပါသည်။ ထိုသူကိုမြင်သောသူတို့တွင် အချို့က သူသည် ထိုင်၍
တောင်းစားနေသော သူတောင်းစားဖြစ်သည်မဟုတ်လောဟု ဆိုကြသည်။ အချို့က
ထိုသူနှင့် တူသောသူဖြစ်သည်ဟု ဆိုကြသည်။ လူတို့သည် သဘာဝထက်လွန်သော
အမှုကို မြင်တွေ့ ခံစားကြရသည့်အခါ ယုံဘို့ခက်ကြပါသည်။ ကိုယ်တော်သည်
လူကန်းနှစ်ဦးအပေါ်၌ အံ့သြဘွယ်အမှုကိုပြုရာ၌ တစ်ကြိမ်နှင့်တစ်ကြိမ်
ပြုပုံခြင်းမတူပါ။ သို့သော် သူတို့နှစ်ဦးစလုံး အကျိုးခံစားပြီး
သက်သေရသွားပါသည်။ သူတို့နှစ်ဦးစလုံးသည် ကိုယ်တော်ကို ယုံကြည်သောသူများ
မဟုတ်ကြပါ။ သို့သော် ကိုယ်တော်ခိုင်းသည့်အတိုင်း ပြုကြသည်။
ပြုကြသည့်အတိုင်းလည်း မျက်ကန်းဘ၀မှ မျက်စေ့အလင်းရ၍ အံ့သြဘွယ်
ကိုယ်တော်၏ ကျေးဇူးပြုမှုသက်သေကို ခံစားသွားကြရပါသည်။
သင်၏ယုံကြည်ခြင်းသည် (မာ
၁၀)တွင် တတိယလူကန်းတစ်ဦးကို ထပ်၍တွေ့ကြရပါသည်။ သခင်ယေရှုနှင့်အတူ
တပည့်တော်တို့သည် ယေရိခေါမြို့သို့ ရောက်ကြလျှင် တိမဲ၏သား
ဗာတိမဲအမည်ရှိလူကန်းသည် လမ်းနား၌ထိုင်၍ တောင်းစားနေပါသည်။
ယေရှုရှိကြောင်းကို ကြားလျှင် ဒါဝိဒ်၏သားတော်ယေရှု၊ အကျွန်ုပ်ကို
ကယ်မသနားတော်မူပါဟု ဟစ်ကြော်ပါသည်။ ပထမလူကန်းနှစ်ဦးက
သခင်ယေရှုကိုမသိပါ။ ကိုယ်တိုင်ယုံကြည်၍ သခင်ယေရှုထံလာကြသော
သူများမဟုတ်ပါ။ ယခုတိမဲ၏သားမူကား သခင်ယေရှု၏အကြောင်းကို ကြားသိထား၍
ကိုယ်တော်တတ်နိုင်တော်မူကြောင်းကို ယုံကြည်နေသောသူ၊
ကိုယ်တော်ကြွလာမည့်အချိန်ကို စောင့်မြော်နေသောသူဖြစ်ပါသည်။ ထို့ကြောင့်
ကိုယ်တော်ကြွလာတော်မူကြောင်း သတင်းကြားလျှင် မိမိအား ကယ်မသနားဖို့ရန်
ဟစ်ကြော်ပါသည်။ အခြားသူများက သူ့အားမအော်ဘို့၊ တိတ်ဆိတ်စွာနေဘို့ရန်
ငေါက်ဆိုကြသော်လည်း ယုံကြည်ခြင်းရှိသောသူဖြစ်၍ သာ၍ဟစ်ကြော်လေသည်။
ထိုအခါ သခင်ယေရှုသည် ရပ်တော်မူ၍ ထိုသူအား ခေါ်ခဲ့ဟု အမိန့်တော်ရှိပါသည်။
ဤနေရာ၌ ကျွန်ုပ်တို့ယုံကြည်၍ မျှော်လင့်ခြင်း၏အရေးကြီးမှုကို တွေ့ရသည်။
မျက်ကန်းသည် မျက်စေ့မြင်ဖို့ရန် မိမိမတတ် နိုင်ကြောင်းကို သိပါသည်။
ယနေ့ ကျွန်ုပ်တို့သည် မိမိတို့မတတ်နိုင်ကြောင်းကို သိဖို့လိုပါသည်။
ထိုသို့သိခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ ပြီးနောက်
ကိုယ်တော်တတ်နိုင်ကြောင်းကို သိဖို့လိုပါသည်။ မိမိမသွားနိုင်သော်လည်း
မပူပါနှင့်။ ယုံကြည်၍ မျှော်လင့်နေသောသူဖြစ်ပါက ကိုယ်တော်
လာမည်ဖြစ်သည်။ တိမဲ၏သား ဗာတိမဲက ထိုသို့မျှော်လင့်နေသောသူဖြစ်သည်။
နောက်ဆုံး ကိုယ်တော်ခေါ်သဖြင့် ဗာတိမဲသည် ကိုယ်တော်ထံသို့
ရောက်သွားသည့်အခါ ကိုယ်တော်ကသူ့အား သင်၌အဘယ်သို့ပြုစေလိုသနည်းဟု
မေးတော်မူလျှင် ဗာတိမဲက အကျွန်ုပ်၌ မျက်စေ့မြင်စေခြင်းငှာ
ပြုတော်မူပါသည်ဟု လျှောက်ပါသည်။ “ယေရှုက သွားလော့။ သင်၏ယုံကြည်ခြင်းသည်
သင့်ကိုကယ်မပြီဟု မိန့်တော်မူ၏”။ (မာ ၁၀း၅၂)။ သခင်ယေရှုက ဗာတိမဲအား
သင်သွားလော့။ သင်၏ယုံကြည်ခြင်းသည် သင့်ကို ကယ်မပြီဟုဆိုသည် ခဏခြင်းတွင်
သူသည်မျက်စေ့မြင်၍ နောက်တော်သို့ လိုက်ပါသည်။ သခင်ယေရှုသည်
သူ့အပေါ်၌တံတွေးမထွေးပါ။ ရွံလူး၍လည်း ရေကန်၌ ဆေးဖို့မပြောပါ။
သူ၏ယုံကြည်ခြင်းက သူ့အား သက်သေခံစားစေပါသည်။ ကျွန်ုပ်တို့၏နှလုံးသားမှ
ယုံကြည်ခြင်းက အရေးကြီးပါသည်။ အချို့က အတိတ်ကံပိနေ၍ မိမိခံစားရသော
ဒုက္ခဆင်းရဲခြင်း ဝေဒနာများအတွက် ကိုယ်တော်ကို မျှော်ကြည့်ရမည့်အစား
မိမိမှထိုသို့ဖြစ်ရသလားဟု ခံစားပြီး ဘုရားကိုပင် အပြစ်တင်တတ်ပါသည်။
ထိုသို့ဖြစ်ပါက ပြသနာမပြေလည် ဝေဒနာမပျောက်ရုံမျှမက သာ၍ဆိုးသော
အခြေအနေသို့ ရောက်ရှိသွားမည်ဖြစ်သည်။ လွန်ခဲ့သောနှစ် အတော်ကြာက
သမီးငယ်လေးတစ်ယောက် မီးလောင်၍ မျက်စေ့မျက်နှာများ
ထိခိုက်ပျက်ဆီးသွားခဲ့သည်။ နောက်ဆုံး အမေရိကားမှ ကုန်ကျခံ ကုသပေးမည့်
အလှူရှင်ပေါ်လာ၍ ကုသမှုခံယူစဉ် မျက်စိအလှူရှင်လည်းပေါ်လာ၍
မျက်စေ့အစားထိုးကုသရာ၌ ထိုသမီးငယ်၏ ခန္ဓာအတွင်း သဘာဝက လက်မခံ၍
သုံးရက်သာမြင်ရပြီး ပြန်ကွယ်သွားခဲ့သည်။ ထိုသို့စူးစမ်းရှာဖွေ
သိမြင်လာသော သိပ္ပံပညာ၏ တတ်နိုင်မှုအတိုင်းအတာက အကန့်အသတ်နှင့်
ရှိပါသည်။ ဘုရားသခင်မှာမူ ဘယ်အမှုအရာ ဘယ်အခြေအနေကိုမဆို
တတ်နိုင်တော်မူပါသည်။ နှလုံးသား၏ ယုံကြည်ခြင်းကို ကိုယ်တော်သိမှတ်၍
အံ့သြဘွယ်အမှုပြုသည့်အခါ မည်သည့်ပြသနာမဆို ပြေလည်မှုရမည်ဖြစ်သည်။

အားမလျှော့ စိတ်မပျက်ပါနှင့် ကျွန်ုပ်တို့ယုံကြည်သူများအသက်တာ၌
မည်သို့သော ခဲယဉ်းခြင်းပြသနာ ကြုံရပါစေ ဘုရားသခင်ကို ချစ်သောသူ ဖြစ်ပါက
စိတ်ပျက်စရာမရှိပါ။ ကျွန်ုပ်တို့အတွက် သာ၍ကောင်းဖို့သာဖြစ်ကြောင်း
သိမှတ်၍ ခွန်အားယူကြဖို့ဖြစ်သည်။ ယုံကြည်သူတစ်ဦး ပဲလုပ်ငန်း၌
ရောင်းမည့်အချိန်တွင် ဈေးတအားနှိမ်၍ အကျိုးတူဖက်စပ်လုပ်သူနှင့်တိုင်ပင်ပြီး
မရောင်းဘဲ လှောင်ထားလိုက်သည်။ အချိန်အတိုင်းအတာတစ်ခု ကြာသည့်အခါ
ပဲဈေးတက်လာသဖြင့် ပြန်ရောင်းရာ အကျိုးအမြတ်များစွာ ခံစားကြရသည်။
မည်သည့်အမှုအရာ၌မဆို ဘုရားသခင်၌ အဖြေရှိပါသည်။ ဘုရားသခင်၏အချိန်ကို
ကျွန်ုပ်တို့ စောင့်တတ်ကြဖို့လိုပါသည်။ ကျွန်ုပ်တို့အသက်တာ အမှုအရာကို
ကိုယ်တော်၌ အပ်ထားခြင်းမှန်ပြီး ကိုယ်တော် စီရင်ပြုပြင်နေခြင်းမှန်ပါက
ကျွန်ုပ်တို့အတွက် အံ့သြဘွယ်ရာသက်သေနှင့် ကောင်းကျိုးရှိပါသည်။ ယနေ့
ကျွန်ုပ်တို့ ကိုယ်တော်ကိုခေါ်၍ ကိုယ်တော် မလာသေးပါက စိတ်မပျက်ပါနှင့်။
ကိုယ်တော်မလာသသင့်သေး၍ အချိန်မကျစေး၍ မလာခြင်းဖြစ်ပါသည်။
ထိုသို့မလာခြင်းမှာ သာ၍ကြီးသော ကျေးဇူးကို ပြုလို၍ဖြစ်ပါသည်။ (ယော၊
၁၁)တွင် သခင်ယေရှုနှင့်အကျွမ်းတ၀င်ရှိသော လာဇရု မကျန်းမမာဖြစ်၍ အမတို့က
သခင်ယေရှုထံ အကြောင်းကြားပါသည်။ သို့သော် ကိုယ်တော်ကမလာပါ။
ယနေ့ယုံကြည်သူများ အခက်အခဲကြုံကြရသည်။ ရောဂါဝေဒနာ ခံစားကြရသည်။ အချို့က
ကိုယ်ထဲ၌ အကျိတ်အလုံးရှိသည်။ ဆရာဝန်ထံသွား၍ပြကြသည့်အခါ
ယခုချက်ခြင်းမခွဲလျှင် အသက်အန္တရာယ် ရှိသည်ဟုပြောပါသည်။ သို့သော်
ခွဲစိတ်ဘို့ငွေကမရှိသဖြင့် ဆုတောင်းပြီး သက်သာသဖြင့် ၂ နှစ်ကြာမှ
ထိုဆရာဝန်ကိုပင် ပြန်ပြသည့်အခါ ထိုအကျိတ်အလုံးကမရှိတော့။ လွန်ခဲ့သော
၂နှစ်ကသာ ငွေချေးပြီးခွဲပါက ရောဂါပျောက်ချင်မှလည်း ပျောက်မည်ဖြစ်သည်။
သို့သော် အကြွးတက်မည်။ ခန္ဓာကိုယ်ကလည်း ခွဲစိတ်ဒဏ်ရာနှင့်
သာမန်လူကဲ့သို့ မလုပ်နိုင်၊ မကိုင်နိုင်ဖြစ်ပေမည်။ အချို့သောသူများမှာ
ခွဲစိတ်လိုက်ပါမှ အသက်ဆုံးကြရသည်။ ကျွန်ုပ်တို့အသက်တာကို ဘုရားသခင်
လက်ထဲ၌ အပ်ထားပါက မည်သည့်အမှုကိစ္စဖြစ်ပါစေ စိတ်မပူပါနှင့်။ ကိုယ်တော်၌
အကြောင်းရှိပါသည်။ ကျွန်ုပ်တို့ သာ၍ကြီးသော ကျေးဇူးပြုမှုကို
ခံစားရဘို့ဖြစ်ပါသည်။ လာဇရုနာနေချိန်တွင် ကိုယ်တော်မလာပါ။
သေလွန်ပြီးလေးရက်ကြာမှ ကိုယ်တော်ရောက်လာပါသည်။ မာသက ကိုယ်တော်
လေးရက်ရှိပါပြီ ဟုဆိုလျှင် သခင်ယေရှုက သင်သည်ယုံလျှင်
ဘုရားသခင်၏ဘုန်းတော်ကို မြင်ရလိမ့်မည်ဟု မိန့်တော်မူပြီး
ဂူဝမှကျောက်ကို ဖွင့်စေ၍ လာဇရု ထွက်၍လာလော့ဟု မိန့်တော်မူလျှင်
သေလွန်သောသူသည် ခြေလက်၌ ပုဆိုးနံငယ်နှင့် ပတ်ရစ်လျှက် ထွက်လာပါသည်။
ထိုအခါ ကြီးသော မင်္ဂလာကား မာရိတို့ဆီသို့ရောက်လာသော သူတို့သည်
ယေရှုပြုတော်မူသော အမှုကိုမြင်လျှင် ကိုယ်တော်ကို ယုံကြည်ကြပါသည်။
ဘုရားသခင်သည် အမင်္ဂလာကို မင်္ဂလာဖြစ်စေနိုင်သော ဘုရားဖြစ်ပါသည်။
ကျွန်ုပ်တို့က ကိုယ်တော်၏စကားကို နာခံဘို့သာလိုပါသည်။ လူတိုင်းသည်
ဘုရားသခင် ရှေ့တော်၌ တန်ဘိုးရှိပါသည်။ ဘာမဟုတ်သော
ကျောက်ခဲလေးတစ်လုံးပင် ကိုယ်တော်အတွက် တန်ဘိုးရှိပါသည်။ ဂေါလျက်နှဖူး
ကျောက်ခဲထိသည့် အခါ မာန်တက်၍ ကျိန်းပနေသောသူသည် မြေပေါ်၌
လဲကျသေဆုံးသွားပါသည်။ “ထိုကြောင့် ဤမျှလောက်များစွာသော
သက်သေအပေါင်းတို့သည် ငါတို့ကို ၀ိုင်းရံလျှက် ရှိကြသည်ဖြစ်၍ ငါတို့သည်
ခပ်သိမ်းသောဝန်တို့ကို၎င်း၊ နှောက်ယှက်တတ်သော ဒုစရိုက်ကို၎င်း၊
ပယ်ရှား၍ ငါတို့မျက်မှောက်၌ ထားသော ပန်းတုံးတိုင်သို့ရောက်ခြင်းမှာ
အားမလျော့ဘဲ ပြေးကြကုန်အံ့” (ဟေဗြဲ ၁၂း၁)။ ကျွန်ုပ်တို့သည် ဘုရားသခင်၏
သားသမီးများဖြစ်ကြ၍ အားလျော့စရာအကြောင်းမရှိပါ။
မျှော်လင့်ခြင်းလည်းမကင်းပါ။ ကျွန်ုပ်တို့သည် မည်သို့သော အမှုအရာကို
ကြုံတွေ့ရသည်ဖြစ်ပါစေ သခင်ယေရှုကို ယုံကြည်မျှော်လင့်လျှက်
အသက်ရှင်ခြင်းအားဖြင့် သာ၍ကြီးသော ကျေးဇူးပြုမှုကို
ခံစားကြရမည်ဖြစ်ကြောင်း မေတ္တာနှင့် အသိပေးဝေငှလိုက်ရပါသည်။

|